Solinaridao

World Revolution News

နိုင်ငံရေးသမားတွေရဲ့ ရွှေ့ပြောင်းအခြေချသူတွေအပေါ် တိုက်ခိုက်မှုဟာ တကယ်တော့ အာရုံလွှဲတာပါပဲ

Quelle
Center for a Stateless Society
Autor:innen
Chad Nelson, Hein Htet Kyaw (Burmese translation)
Datum
2026-10-04
Originalsprache
my
Vollstaendigkeit
full
Lizenz
CC0-1.0

Chad Nelson. The Political Class’s War on Immigrants is a Diversion, January 30, 2015. Translated into Burmese by Hein Htet Kyaw.

ဂျန်နဝါရီ ၂၈ ရက်နေ့မှာ လော်ရက်တာ လင်းချ် (Loretta Lynch) ကို အစိုးရရှေ့နေချုပ် အဖြစ် ခန့်အပ်ဖို့ အမေရိကန် ဆီးနက်စစ်ဆေးမေးမြန်းခြင်း စတင်ချိန်မှာ၊ ရီပတ်ဘလစ်ကန်တွေဟာ အစိုးရက “တရားမဝင် ခိုးဝင်သူတွေ” လို့ သတ်မှတ်ထားတဲ့ လူတန်းစားအပေါ် သူမ ဘယ်လောက်အထိ အလိုက်သင့် ပေါင်းသင်းမလဲဆိုတာ မေးဖို့ အရမ်းစိတ်အားထက်သန်နေကြတာပါ။ ရွှေ့ပြောင်းအခြေချသူတွေအပေါ် တင်းကြပ်တဲ့ ဂျက်ဖ် ဆက်ရှင်နိစ် (Jeff Sessions – R-AL) နဲ့ အပြန်အလှန် မေးမြန်းမှုတစ်ခုမှာ၊ ဆက်ရှင်နိစ်က အမေရိကမှာ အလုပ်လုပ်ပိုင်ခွင့် ဘယ်သူ့မှာ ရှိလဲဆိုတာ လင်းချ် ဘယ်လိုယုံကြည်လဲ မေးခဲ့ပါတယ်။ သီးသန့်အနေနဲ့ပြောရရင်၊ “ဘယ်သူက ပိုပြီး လုပ်ပိုင်ခွင့်ရှိသလဲ – တရားဝင်လာတဲ့ ရွှေ့ပြောင်းအခြေချသူလား၊ နိုင်ငံသားလား၊ ဒါမှမဟုတ် တိုင်းပြည်ထဲ တရားမဝင် ဝင်လာတဲ့သူလား” လို့ သူက မေးခဲ့တာပါ။ လင်းချ်ကတော့ ဆက်ရှင်နိစ်ရဲ့ မေးခွန်းအတုအယောင်ကို လိမ္မာပါးနပ်စွာ ရှောင်လွှဲခဲ့ပြီး၊ လူတစ်ယောက်ဟာ ဒီမှာ တရားမဝင် ရှိနေရင်တောင် အမေရိကရဲ့ လုပ်သားအင်အားထဲမှာ ပါဝင်သူတစ်ယောက်အနေနဲ့ ရှိနေတာကိုပဲ ပိုသဘောကျတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ဆက်ရှင်နိစ်ရဲ့ မေးခွန်းထုတ်ပုံနည်းလမ်းနဲ့ သူလိုချင်နေတဲ့ အဖြေ ဟာ နိုင်ငံရေးသမားတွေရဲ့ လိမ်ညီနေတဲ့ အတွေးအခေါ်ကို အများကြီး ဖော်ပြနေပါတယ်။ ဝါရှင်တန်က နှစ်ပါတီစလုံးမှာပါတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို တိုက်ခိုက်တဲ့အုပ်စုက ရှယ်လ်ဒွန် ရစ်ချ်မန်း (Sheldon Richman) မှတ်ချက်ပြုသလိုပဲ “အလုပ်လုပ်ခွင့် ပေးပိုင်ခွင့်ဆိုတာ သူတို့ပေးမှ ရတာ” လို့ ယုံကြည်ထားကြတာပါ။ ဝမ်းနည်းစရာက အဲဒီယုံကြည်ချက်ဟာ ဒီတိုင်းပြည်ရဲ့ ဥပဒေဖြစ်နေတာပါပဲ။ ဒီနေ့ခေတ်မှာ ဘယ်သူအလုပ်လုပ်ခွင့်ရှိလဲဆိုတဲ့ မေးခွန်းကို ဝါရှင်တန်က ဗျူရိုကရက်တွေနဲ့ သူတို့ဆီကနေ လုပ်ပိုင်ခွင့် လက်ဝါးကြီးအုပ်ခွင့် လာဝယ်နေတဲ့ အကျိုးစီးပွားကာကွယ်ရေး အုပ်စုတွေကပဲ အဓိက ဆုံးဖြတ်နေကြတာပါ။ မင်းအနေနဲ့ ကိုယ်ကြိုက်တဲ့ အလုပ်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်ချင်ထင်နေလိမ့်မယ်၊ ဒါပေမဲ့ အစိုးရက စည်းကမ်းချက်တွေ အမျိုးမျိုး ထုတ်ပြန်ပြီး မင်းရဲ့ ရွေးချယ်ခွင့်တွေကို အများကြီး ကျဉ်းမြောင်းအောင် လုပ်ပစ်လိုက်တာပါ။ အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့ရင်တောင် အစိုးရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း နွံထဲမှာ ရုန်းကန်နေရတာနဲ့တင် မင်းရဲ့ ကျွမ်းကျင်မှုကို အပြည့်အဝ ထုတ်မသုံးနိုင်တော့ဘဲ ဖြစ်နေရပါတယ်။

နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ပြည်သူတွေအပေါ် လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဖို့ ဒီလိုမျိုး အရမ်းအရေးပါတဲ့ လုပ်ပိုင်ခွင့်ကို မှီခိုနေကြတာပါ။ ပြည်သူတွေကို အလုပ်လုပ်ခွင့် ပေးပိုင်ခွင့်ရှိနေတာ၊ နဲ့ အဲဒီခွင့်ပြုချက်နဲ့အတူ ပါလာတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အားလုံးက ကပ်ပါး နိုင်ငံရေးသမားတွေကို သူတို့အိတ်ကပ်ထဲ အထိရောက်ဆုံး နည်းလမ်းနဲ့ ပိုက်ဆံထည့်နိုင်အောင် ကူညီပေးထားပါတယ်။ အလုပ်တစ်ခုဟာ တရားမဝင် ရွှေ့ပြောင်းအခြေချသူရဲ့ အလုပ်ဖြစ်ဖြစ်၊ အမေရိကန် မှောင်ခိုဈေးကွက်က အလုပ်သမားရဲ့ အလုပ်ဖြစ်ဖြစ် စည်းမျဉ်းမရှိတဲ့ ဈေးကွက်တွေဆီ လမ်းကြောင်းပြောင်းသွားရင် နိုင်ငံရေးသမားတွေအနေနဲ့ အဲဒါကို စောင့်ကြည့်ဖို့နဲ့ ဆက်ကြေးတောင်းဖို့ ခက်သွားပါတယ်။ သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ အခွန်၊ လုပ်အား၊ နဲ့ အုပ်ချုပ်ရေး ဥပဒေတွေကို မလိုက်နာရင်၊ သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလုံးပေါ်မှာ လိုင်စင်စနစ်တွေ အထပ်ထပ် တင်ထားတာကို မလိုက်နာရင် မင်းရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပါ ရုတ်တရက် ဖျက်ဆီးခံရနိုင်ခြေ ရှိပါတယ်။ ဒီစနစ်တစ်ခုလုံးကို ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေကို ကာကွယ်ပေးနေပါတယ်ဆိုပြီး အတုအယောင် လိမ်ညာရောင်းချထားတာပါ။

တရားမဝင် ရွှေ့ပြောင်းအခြေချမှု သက်သက်က ဗျူရိုကရက်တွေကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သူတို့ အမှန်တကယ် ကြောက်တာက ထိန်းချုပ်မထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီကရတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ချုပ်ကိုင်ခွင့် ဆုံးရှုံးသွားမှာကိုပါ။ ဆက်ရှင်နိစ်နဲ့ ကွန်ဂရက်ထဲက သူ့လို နယ်စပ်စောင့် စိစစ်ရေးသမားတွေဟာ သူတို့ကြောက်ရွံ့မှုကို “ငါတို့ နဲ့ သူတို့” ဆိုတဲ့ စကားလုံးတွေနဲ့ ဖုံးကွယ်ပြီး ရေးကြီးခွင်ကျယ် စကားလုံးအလှတွေ သုံးနေကြတာပါ၊ ဒါဟာ အရေးပါတဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် ပြုလုပ်ထားတဲ့ ပြဇာတ်တစ်ခုပါပဲ။ ဒီလို လှည့်ကွက်မျိုးနဲ့ နိုင်ငံရေးသမားတွေက မင်းတို့ကို လှည့်စားထားတာပါ။ သူတို့ ကြောက်နေတာဟာ အခွန်ဘဏ္ဍာ ဆုံးရှုံးမှာကို မဟုတ်ဘဲ၊ “မင်းတို့ရဲ့” အလုပ်တွေ၊ “မင်းတို့ရဲ့” ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ၊ နဲ့ “မင်းတို့ရဲ့” လူမှုဖူလုံရေးတွေ ဆုံးရှုံးမှာကို ကြောက်နေရတာပါဆိုပြီး ယုံအောင် လှည့်စားထားတာပါ။ တရားဝင် ရှိနေပြီး အလုပ်လုပ်နေသူတွေ (အခွန်ဆောင်နေသူတွေ) ကိုတော့ မျိုးချစ်စိတ်ရှိသူတွေအဖြစ် သတ်မှတ်ပေးထားပါတယ်။ အစိုးရက သူတို့ရဲ့ လစာထဲက ဖြတ်တောက်ယူနေတာကို မုန်းတီးစရာလို့ မမြင်ဘဲ အားလုံးရဲ့ ကောင်းဖက်အတွက် အရေးပါတဲ့ ပါဝင်ဆောင်ရွက်မှုအဖြစ် ကြိုဆိုကြရပါတယ်။ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သူတွေကိုတော့ ရန်သူတွေ၊ တရားဝင် အလုပ်လုပ်နေသူတွေရဲ့ မွန်မြတ်တဲ့ အလုပ်ကို ဖျက်ဆီးနေသူတွေအဖြစ် ပုံဖော်ကြပါတယ်။ “မင်းတို့” က လူကောင်း၊ “သူတို့” က လူဆိုး ပေါ့။ နိုင်ငံရေးအရ အင်အားမရှိတဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေဟာ ဝါရှင်တန်အတွက် တိုက်ခိုက်ရ အလွယ်ဆုံး ပစ်မှတ်ဖြစ်နေပြီး နိုင်ငံရေးသမားတွေရဲ့ စိတ်ကူးယဉ် ပြဿနာရှာမှုတွေအတွက် လွယ်လွယ်ကူကူ ဓားစာခံ ဖြစ်သွားကြရပါတယ်။ ဘယ်ကြော်ငြာကုမ္ပဏီမှတောင် ဒီထက်ပိုကောင်းတဲ့ လှည့်ကွက်ကို ဒီဇိုင်းထုတ်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ရွှေ့ပြောင်းအခြေချသူတွေကို ခြိမ်းခြောက်တဲ့ စကားတွေရဲ့ အဓိက ပစ်မှတ်ထားတဲ့ ပရိသတ်ကိုလည်း သတိထားကြည့်ဖို့ လိုပါတယ်။ အဲဒါတွေကတော့

၁) အလုပ်လက်မဲ့ ဖြစ်နေသူတွေနဲ့ လုံခြုံမှုမရှိတဲ့ အမေရိကန် အလုပ်သမားတွေနဲ့

၂) အငြိမ်းစားယူထားသူတွေ ပါပဲ။

ရွှေ့ပြောင်းအခြေချမှုကို မတားဆီးရင် မင်းတို့ဆီက ဒြပ်ရှိတဲ့ အရာတစ်ခုခု ပါသွားနိုင်တယ်လို့ ပြောခံရတဲ့အခါ “ငါတို့ နဲ့ သူတို့” ဆိုတဲ့ စကားက ပိုပြီး ထိရောက်သွားပါတယ်။ အေးအေးဆေးဆေး စီးပွားရေးပြည့်စုံပြီး အစိုးရကို အားကိုးစရာမလိုဘဲ ရပ်တည်နိုင်သူတွေကတော့ သူများတွေရဲ့ အလုပ်နဲ့ လစာကိစ္စတွေကို သိပ်ဂရုမစိုက်ကြပါဘူး။ ဒါ့အပြင် အသက်ကြီးပိုင်း အမေရိကန်တွေ (သူတို့ကိုယ်တိုင်လည်း ရွှေ့ပြောင်းအခြေချသူတွေ သို့မဟုတ် ရွှေ့ပြောင်းအခြေချသူတွေရဲ့ မျိုးဆက်တွေ ဖြစ်ကြပါတယ်) ဟာ အသားညိုတဲ့ ရွှေ့ပြောင်းအခြေချသူ အသစ်တွေကို လက်ခံနိုင်စွမ်း ပိုနည်းကြပါတယ်။ ဒီလို ခြားနားပစ်လိုက်တာဟာ အဲဒီ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းပါးပြီး၊ အဲဒီလူတွေ ရောက်လာတာဟာ အမေရိကန် ယဉ်ကျေးမှုကို ပျက်စီးစေတယ်လို့ အပြောခံထားရတဲ့ အသက်ကြီးပိုင်းတွေဆီမှာ ပိုပြီး အလုပ်ဖြစ်လေ့ရှိပါတယ်။

အလုပ်သမားတွေ လုံခြုံမှုမရှိတာ၊ ယဉ်ကျေးမှု ပျက်စီးတာနဲ့ ရိုးသားစွာ ကြိုးစားအားထုတ်နေသူတွေအပေါ် ခေါင်းပုံဖြတ်နေတာတွေရဲ့ တကယ့် အဓိက တရားခံကတော့ အစိုးရပါပဲ။ နိုင်ငံရေးသမားတွေရဲ့ ရွှေ့ပြောင်းအခြေချသူတွေအပေါ် လုပ်ကြံဇာတ်ကြောင်းတွေကို အပေါက်စုတ်သွားအောင် ဖော်ထုတ်ပစ်တာ၊ သူတို့ရဲ့ တကယ့် စိတ်ရင်းမှန်ကို ဖော်ထုတ်တာ၊ နဲ့ ငါတို့ရဲ့ ရန်သူလို့ သတ်မှတ်ခြင်းခံထားရသူတွေရဲ့ လူသားဆန်မှုကို အသိအမှတ်ပြုပေးတာတွေဟာ တကယ့် လွတ်လပ်မှုဆီကို သွားရာလမ်းမှာ ခိုင်မာတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Quellennachweis

Rechtebeleg
Pruefen
Rechteumfang
C4SS article prose under the source-page CC0 dedication, including its credited in-house translation where present. Attributed short quotations remain in their commentary context; linked third-party works are not imported.
Pruefdatum
2026-10-08T16:00:33.939Z
Bearbeitung
Original article text, quotations and translation credits retained. Formatting and links adapted for the WRN reader. Photos, audio, video and linked works remain available on the original website. The source gives the publication date without an exact time.